စစ်ရေးသတင်း

လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင်

တနိုင်း– လီဒိုလမ်းမပေါ်  ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။

လယ်ယာလုပ်ငန်းနဲ့အဓိကဝမ်းကျောင်းပြုနေကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်စတဲ့ ကျေးရွာနေပြည်သူတွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်ပြီး လယ်ယာလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်ပြီးနောက် တနိုင်းလီဒိုလမ်းမဘက်ကိုလည်း တိုက်ပွဲစတင်လာနိုင်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။

ဒါကြောင့် ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာနေရာပြည်သူတွေ မိုးကောင်၊ နမ္မတီး ဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့ တိမ်းရှောင်နေရာတွေလုပ်ပြီး အဆင်သင့်ပြင်ဆင်နေပြီး နေနေရတယ်လို့သိရပါတယ်။ 

ဒါကြောင့် လီဒိုလမ်းမပေါ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ်လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ အခက်အခဲကြုံတွေ့ခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။

မနှစ်တုန်းကတော့ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် လယ်ယာလုပ်ငန်းတွေက လုပ်ကိုင်နိုင်ကြတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်မှာတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်ဆိုပြီး စစ်ရှောင်စခန်းတွေ လုပ်ရမယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တော့ အားလုံးက စိုးရိမ်ပြီးမှပဲ နေကြတော့တယ်။ အဲ့လိုပဲ လယ်ယာလုပ်ကိုင်တဲ့ သူတွေကလည်း ဖြစ်လာမလား ဆိုပြီး တစ်ချို့က တန်းလန်း မစိုက်နိုင်ပဲ ရပ်နားလိုက်တဲ့ သူတွေရှိတယ်။ တစ်ချို့ဖြစ်သလို စိုက်လိုက်ရတဲ့ သူတွေရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူးလို့ပြောပါတယ်။

နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတွေမှာ နှစ်စဉ်လယ်စပါးကို ဧကသိန်းချီစိုက်ပျိုးနိုင်တဲ့နေရာဖြစ်ပြီး ဧကရာချီစိုက်ပျိုးတဲ့ တောင်သူတွေက ဒီနှစ်မှာ ဧက ၂၀ နဲ့ ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တစ်ချို့တောင်သူတွေက ဧက  ဧကလောက်သာ စိုက်ပျိုးနိုင်ကြတယ်လို့ပြောပါတယ်။

ခုလို ဒေသခံတောင်သူတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အကြောင်းအရင်းတွေဟာ စစ်ရေးအပြင် ကားလမ်းပျက်စီးပြီးကုန်ပစ္စည်းနဲ့ စက်သုံးဆီတင်ကား သွားလာဖို့ အခက်အခဲတဲ့ ပြဿနာလည်းပါဝင်တယ်လို့ ဒေသခံတွေပြောပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တနိုင်းသွားလမ်း နောင်းမီနဲ့ ဝါရာဇွပ် ကားလမ်းပိုင်းမှာ နှစ်လဝန်းကျင်အထိ ကုန်ကားသွားလာဖို့  နေရာလောက်မှာ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။

ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ ထွန်စက်အကြီးတွေနဲ့ အခကြေးငွေပေးပြီးဆွဲထူကာ သွားလာနေရတာကြောင့် စက်သုံးဆီနဲ့ ကုန်ပစ္စည်းစျေးနှုန်းလည်း အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ဖက်မှာ ဒေသခံပြည်သူတွေ ကုန်စျေးနှုန်းမြင့်တက်ဒဏ်ကြုံတွေ့နေရကြားထဲ လယ်ယာလုပ်ငန်းမှာ စက်သုံးဆီအသုံးပြုဖို့အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးသွားတယ်လို့ ဒေသခံတောင်သူတွေပြောပါတယ်။

အခုလို လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးသွားတဲ့အတွက် ဒေသအတွင်း လာမယ့်နှစ်တွေမှာ အစားအသောက် အခက်အခဲတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ဒီအခြေအနေမှာ ကျနော်တို့ ဒေသခံတွေက ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့ သူတွေလည်း အရင်းအနှီးအများကြီးထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီးတက်လာဖို့ပဲရှိတယ်။ တစ်ချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာမဟုတ်ဘူလို့ပြောပါတယ်။

ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းသွားလာလုပ်ကိုင်ဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။

အခုလို အခြေအနေကြောင့် လီဒိုလမ်းမပေါ်မှာရှိကြတဲ့ ကျေးရွာတစ်ချို့ လာမယ့် ရာသီကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတွေကို ပြုလုပ်နိုင်ဖို့ အလားအလာမရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button